Friday, August 16, 2013

အလွမ်းခူးသူ



                                                   “အလွမ်းခူးသူ”
                                                                   မင်းထက်ညိမ်း( Fashionမဂ္ဂဇင်း ,2003,Nov )
   စည်ဘီယာဆိုင်ထဲ၌ အတိတ်မေ့နေသော ၀င်ကစွပ်ကောင်များ ထိုင်နေကြသည်။ သူတို့ ၏ အတွေးစိတ်ကူး-
-များသည် ဘီယာမြုပ်များနှင့်အတူ မူးယစ်ရီဝေနေကြ၏ ။
          ကြိုးတန်းပေါ်လမ်းလျှောက်နေသည်မှာ ဆက်ကပ်ထဲက ကိုယ်ဟန်ပြမယ်တစ်ဦးမဟုတ်ပေ။ရုပ်မြင်-
-သံကြားစက်တစ်လုံးဖြစ်သည်။ အဆီပြန်နေသော ကျွန်းစားပွဲ ရှည်ကြီးသည် ကြိုးမဲ့ မိုက်ကို ကိုင်ဆောင်ကာ
အချစ်ဦးအား လွမ်းနေရှာသည်။ သူ၏ လေးလံနေသောလျှာပေါ်တွင်သီဟိုဋ္ဋ်စေ့များ ခုန်ပေါက်နေသည်။အာလူး
ကြော် ပန်ကန်ထဲ ၌ သွားကြားထိုးတန်တစ်ချောင်း ။
          ဘီယာဆိုင်နှုတ်ခမ်းမှ ကန်ရေပြင်ကို ဖြတ်တိုက်လာသော လေမှာ အ၀ါရောင် ။ ဘီယာဆိုင်ထဲမှ ထွက်
ကြလာသော အေးစက်ထုံကျင်နေသည့် ဘီယာမြှုပ်များဖြင့် မလိုက်ဖက်စွာ ပူလောင်နေတော့သည်။
          နေပူထဲ၌ ဆန့်ကျင်ဘက်နှစ်ယောက် ထီးမဆောင်းဘဲ လမ်းလျှောက်သွားနေကြသည်။ တစ်ယောက်
က တစ်ယောက်ကို စိတ်ကောက်နေပြီး ၊ တစ်ယောက်က တစ်ယောက်ကို ကျောင်းခေါ်ချိန် အကြောင်း ပြော
ပြနေသည်။ ချစ်သူနှစ်ယောက် ပြောကြသည့် စကားများမှာ အခြားချစ်သူများကဲ့သို့ အချစ်အကြောင်း တစ်လုံး
တစ်ပါဒမျှ မပါချေ။သို့သော် အချစ်အကြောင်း သူတို့ နှစ်ဦးစလုံး၏ ရင်တွင်း၌ ကိုယ်စီကိုယ်ငှ အထီးတည်း
ရေရွတ်နေကြသည်။ ထိုချစ်သူနှစ်ဦးမှာ” ကျွန်တော် နှင့် ကျွန်တော့်၏ ချစ်သူ ညီမလေး “ပင်ဖြစ်သည်။
          ဘီယာဆိုင်မှ လှမ်းမြင်နေရသော ပန်းခြံအတွင်း ၌ “အင်ဒရေဂျိ “ ၏ လိပ်ပြာများ နေပူစာလှုံနေ ကြ
သည်။ ယနေ့ တနင်္ဂနွေ နေ့ ဖြစ်သည်။ အချစ်သည် ရာသီဥတု ဒဏ်ကို ခံနိုင်ရည် ရှိသည်။သို့ မဟုတ် အရာ
အားလုံး၏ ဒဏ်ကို ခံနိုင်ရည် ရှိသည်။
          “ချစ်ခြင်း “ ကို ချစ်မက်လွန်းသည့် အတွက် ဝေးကွာခဲ့ ရပါသည် ဟု ဆိုလျှင် မေတ္တာနတ်သမီးကရယ်မော
နေမည်လား။
           ကျွန်တော် သည် အရာရာကို ချစ်သည်။ ကျိုးပဲ့နေသော စိတ်ကူးအပိုင်းအစ၊ ခေတ်ပေါ်ဝတ္ထုတို၊
မေတ္တာတရား၊ ပန်းနုရောင် နှုတ်ခမ်းတစ်စုံ၏ ဘေးက “အပြာရောင် မှဲ့လေးတစ်လုံး” ၊ မလိမ်မိုး မလိမ်မာအပြု
အမူ ၊ စက္ကူပန်း ၊ ချစ်သူညီမလေး…စသည်ဖြင့်…။ထိုအရာ အားလုံးထဲမှ ကျွန်တော်၏ ချစ်သူညီမလေးကို ပို၍
ချစ်တတ်ခဲ့ သည်မှာ အပစ်လား ။
          ညီမလေး ဟု ခေါ်သော ကျွန်တော်၏ ချစ်သူ ယုန်ဖြူမလေး မှာ အလွန်ချစ်စရာ ကောင်းပါသည်။
အကြောင်းမူ သူမသည် ကျွန်တော်၏ ချစ်သူဖြစ်သောကြောင့် ဖြစ်၏ ။
          သို့သော် ချစ်လျှက်ဖြင့် နောက်ကြ ကျန်ရစ်ခဲ့ ရရှာသော ခြေလှမ်းတစ်စုံ အတွက် ကျွန်တော့်
ခြေထောက်တွေ အပေါ် အပစ်ပုံနေမိသည် ။ ချစ်ခြင်းအတွက် နေရာမရှိ သည့် ကျွန်တော်၏ ဥယျဉ်မှာ
ဝမ်းနည်းခြင်းတွေ သီးပွင့်နေသည်။
          တယ်လီဖုန်းကြိုး အတွင်း၌ ကျွန်တော်၏ ရင်ခုန်သံများ စီးဆင်းနေကြ  သည် ။ စာမေးပွဲနီးပြီ။
ကျွန်တော် စာကျက်ရတော့ မည်။ သို့သော် ကျွန်တော် ၏ စိတ်ခင်မျာ အတောင်ပံ တစ်စုံ ၀တ်ဆင်ထား
သည့် အတွက် စက်ဘီးစီးတက်စ ငှက် တစ်ကောင်ကဲ့ သို့ ပျံသန်းရန် အတွက်သာ စိတ်စောနေတော့ သည်။
          ညီမလေး ထံသို့ ဖုန်းဆက်လိုက်သည်။ တယ်လီဖုန်းကြိုး ထဲမှ ကျွန်တော်၏ အော်သံမှာ လမ်းတစ်ဝက်
၌ ပျောက်ရှ သွားသည်။ ကျွန်တော့်  နားရွက် တစ်စုံနှင့် ချစ်သူ၏ အသံမှာ ပြတ်တောက်နေခဲ့ ရသည်မှာ
အကြိမ်ပေါင်း မနဲတော့။
          ကျွန်တော် တစ်ယောက်တည်း အချစ်သီချင်းကို သီဆိုနေရသည်။ နားဆင်နေမည့်သူ မရှိ ။ အားပေးမည့်သူမရှိ။ ထို အချစ်သီးချင်း၏ ခေါင်းစဉ်မှာ “ အော်ကြီးဟစ်ကျယ် “ ဖြစ်သည်။
           ဘီယာဆိုင်ထဲသို့ အထားအသို မှားပြီး ရောက်နေသော ကဗျာဆရာ၏ ဦးခေါင်မှာ ၀ါကျ တစ်ချို့
ဖြင့် ယားယံနေသည် ။ ဦးခေါင်းအတွင်း မှ ယားယံနေသည့် အခါ မည်သို့သော လက်ချောင်းများအား
အသုံးပြု၍ အယားဖြေရမည် နည်း ။
          ကဗျာဆရာသည် အတိတ်မေ့နေသော ၀င်ကစွပ်ကောင် တစ်ကောင်ဖြစ်သည် ။ ထို ၀င်ကစွပ်ကောင်
တစ်ကောင်သည် ကျွန်တော် ဖြစ်သည်။ “ဘ၀တွေ က မှောင် လွန်း တယ်” ဟူသည့် ကဗျာ တစ်ပုဒ်အား အခန်းမီးပိတ်ကာ လက်နှိပ်ဓါတ်မီး ဖြင့် ရေးခဲ့ သည် ။ ကဗျာစာသားများအား လက်နှိပ် ဓါတ်မီးဖြင့် ထိုးကာ
ရေးသားခဲ့ သည့် အတွက် မှောင်နေသော အခန်းကျဉ်း အတွင်း၌ ကဗျာ တစ်ပုဒ်သာ လင်းထိန်နေ၏ ။
          ဘီယာဆိုင် အတွင်းမှ ထွက်ကျ လာသည့် အခါ ခြေလှမ်းများမှာ “၄၁ ဒီဂရီ” တိတိ စောင်းနေသည်။
လူဝီအာရဂွန် (Louis Aragon ) သည် “ဒုတိယမြောက် ဒါ ဒါ ၀ါဒ ကြေညာစာတမ်း”  ကို ၁၉၂၀ ခုနှစ်တွင် ရေးသားခဲ့ သည်။ ဒါဒါ ၀ါဒ ၏  အဓိပ္ပာယ်မှာ ဂျာမန်ဘာသာ အနေဖြင့်” ကလေးတွေရဲ့ အရူးးအမူး အချစ်
ဟု စာအုပ်တစ်အုပ်ထဲ၌ ကျွန်တော် ဖတ်ခဲ့ဖူး သည် ။
          “ ဟိုမှာ
           ညနေခင်းကြီး
           လမ်းလျှောက် လာတာ ကြည့် စမ်းပါ အုံး
           ယိုင်တိယိုင်တိုင်နဲ့
          မျက်နှာကြီး က လည်း ရဲ လို့” တဲ့ ။
          လမ်းသွား လမ်းလာတချို့  ၏ ခရီးသွားဟန်လွဲ ဝေဖန်ချက် အပိုင်းအစ တချို့ သာဖြစ်သည် ။
          အိမ်တံခါးဝ သို့ ရောက်သည့် အခါ ခြေလှမ်းများ၏ အစိပ်အကျဲ မှာ ပုံမှန်အတိုင်း ဟန်ချက်ညီ ။
“နေပူကြီးက ပြန်လာတာ ရေမချိုး သေးနဲ့ အုံး “ ဟု အမေက ပြော သည်။ သောက်ရေ တစ်ခွက် ခက်ယူ လိုက်
သည်။ ရေခွက်ထဲ၌ စိတ်ကောက်နေသည့် ညီမလေး၏ ပုံ ရိပ်မှာ ဘောင်ဘင်ခတ်နေသည်။
           ဒီနှစ်နွေရာသီ က ပိုပူ သည် ။ ကျွန်တော့် အဖို့ အဇ္ဈတ္တရော ၊ ဗဟိဒ္ဓရော 
နှစ်မျိုး စလုံး နေစရာ မရှိအောင် ပူ သည်။ သင်္ကြန်နေ့ ရက်များ သည်လည်း ဟို…အရင်နှစ်သင်္ကြန်နေ့
ရက်များလို ပျော်ရွှင်ခြင်းဖြင့် ဖီးသင်ခေါင်းလျှော် ထားသည့် နေ့ ရက်များ မဟုတ်တော့။ တစ်ဝက်အပြုံးတွေ
ချိတ်သီထားတဲ့ နှုတ်ခမ်းဟာ ၀မ်းနည်းခြင်းကို သိမ်းဝှက် မထားနိုင် ခဲ့ ပါဘူး ။
          ၂၀၀၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့ ၌ “ဆရာပိုင်စိုးဝေ”၏ “မွေးနေ့”  ၀တ္ထုတိုကို ဘယ်နှစ်ကြိမ်
မြောက်မှန်းမသိ ပြန်ဖတ်ဖြစ် သည်။ ထိုနေ့ သည် စနေနေ့ဖြစ်သည်။ တနင်္ဂနွေ နေ့ ၌ “အင်ဒရေ ဂျိ “ ၏ လိပ်ပြာများ ပျော်ရွှင် နေကြသည် ။
          ဟန်ချက် ညီညီ လွဲယမ်းနေသည့် နာရီချိန်သီးလို သာသာဖျော့ဖျော့လေး တိုက် ခတ်လာသည့်
လေပြည်ဦး က သစ္စာပန်းခင်းလေးကို ဘယ် ၊ ညာ ယိမ်းနွဲ့ သွားစေ သည် ။” အပျော်ဆုံး အချိန် ဆိုတာ လည်း
ပျော်တုန်း ခဏပါ ပဲ ဗျာ “ တဲ့။ ကျွန်တော့် ဒိုင်ယာရီထဲ ၌ ရေးမှတ်ထားသည်ကို ပြန်ဖတ်မိ သည်။အပျော်ဆုံး-
အချိန်ကို ကျွန်တော် ကြုံ ဖူးခဲ့ သလား ။ ကျွန်တော် အသေအချာ မသိပေ ။
          ကျွန်တော်သည် ချစ်သူ ညီမလေးအား ချစ်သည် ။ စကားများသော ကြက်တူရွေး တစ်ကောင် အား
ချစ်သည် ။ ဝေးကွာ ခဲ့ ရသော ချစ်ခြင်းတရား ကို ချစ် သည်။
          ဧဒင်ဥယျဉ် ဂိတ်ဝမှာ စကားဝှက် သင်္ကေတ မသိလို့ တံခါးမှူးနဲ့ စကားများနေသည့်သူငယ်ချင်း ကဗျာဆရာ “ပိုဧလင်း” ကို သတိရသည် ။ကျွန်တော့် အဖို့ တော့ ဥယျဉ်ထဲ ၀င်ခွင့် ရသော်လည်း
ဘာကြောင့် အချစ်ဆိုတာ ပျာရည်ဖြင့် ဖောက်ထား သည့် ၀ိုက် တစ်ချိုင့် မဟုတ်ခဲ့တာလဲ ။ကျွန်တော်
ကိုယ်တိုင်လား …။ တစ်စုံ တစ်ယောက် လား ။ ကျွန်တော် မသိပေ ။
           အခန်းတံခါးကို တွန်းဖွင့် လိုက်သည် ။ အခန်းကျဉ်းလေးအတွင်းရှိ တစ်ယောက်အိပ် ကုတင်မှာ
နတ်ပြည်အသေးစား (သို့) တိမ်ဖြူတွေ အုံ့ နေတဲ့ ကောင်းကင် အတု  လား အောက်မေ့ ရသည်။ အမှန်က
ကြွက်တစ်ကောင်က သူ၏ ၀မ်းမီးကို ထွန်းညှိုဖို့ ခေါင်းအုံးအတွင်းရှိ လဲစေ့များအား စားသောက်သွားသည့်
အတွက် ကူတင် တစ်လုံးလုံး လဲမှို့များဖြင့် ဖွေးဖွေးလှုပ်နေခြင်းဖြစ်သည် ။
          ကျွန်တော့် မျက်ဝန်းအစုံ ပြာဝေသွားသည်။ ကျွန်တော့် ခေါင်းအုံးဘေး၌ ထားသော “ညီမလေး” ဓါတ်ပုံ ကို အပြေးအလွှား ရှာ မိ သည် ။”ညီမလေး” က လဲမှို့ တွေ ကြားထဲက ပြုံးပြီး ကျွန်တော့် ကို
ကြည့်နေသည် ။
           ညီမလေး ဓါတ်ပုံကို ကိုက်ဖြတ်မသွား သည့် အတွက် ကြွက်ကို ကျေးဇူး တင်နေမိသည် ။
          ကြမ်းပြင်ပေါ်၌ ပင် အဘိဓာန်စာအုပ်အားခေါင်း အုံးကာ အိပ်စက်လိုက်သည်မှာ အိပ်ယာက မနိုးမီ
အချိန်ထိ ဖြစ်သည် ။ ထစ်အ နေသော ဓါတ်ပြားတစ်ချပ် သည် အလွမ်း သီးချင်း အပိုင်းအစ တစ်ခုကို
အကြိမ်ကြိမ် အော်ဟစ် သီဆိုနေသည် ။
          “ဆွဲပြားအ၀ိုင်းလေး
           လိမ့်လာနေပြီ
          ကြည့်လိုက်
          ကြည့်လိုက် “ တဲ့ ။မည်သိ နံရံ က ပဲ့တင် လာမှန်းမသိ သည့် အသံ ။ အိပ်မက် ။ အိပ်မက် တို့ ၌
မျက်မြင် စိတ်တွင်းပေါ် ရုပ်များ၊ နားကြားစိတ်တွင်းပေါ်ရုပ်များ ပါဝင် တတ်သည် ဟု ဆို သည်။
          ကျွန်တော်သည် ချစ်သူညီမလေးအကြောင်း အိပ်မက်မက်နေသည် ။ အိပ်မက်၏ ခေါင်းစဉ်မှာ
“ချစ်ခြင်းအတွက် နေရာမရှိပြီ “ ဖြစ်သည် ။
           ကျွန်တော့် “ဘ၀စာအုပ်ထူထူ”  မှာ စာမျက်နှာနံပတ် ၁၅၀၀ နေရာ၌ စာရွက်များပြုတ်နေကြသည်။
တစ်စုံ တစ်ယောက် က စာမျက်နှာ “၁၅၀၀” ကို ဆုတ်ဖြဲ သွားဟန်တူ သည် ။ ထိုတစ်စုံတစ်ယောက်မှာ ကျွန်တော် ကိုယ်တိုင်လည်းဖြစ်နိုင် သည်။ အခြားတစ်စုံတစ်ယောက်လည်း ဖြစ်နိုင် သည်။ ထို အခြားတစ်
စုံတစ်ယောက်မှာ မိုးသား မကင်းစင် သည့် ဘ၀ပေးကောင်းကင် တစ်ချပ်ဖြစ်သည်။
          အိပ်မက်ထဲမှ ပေါက်ကြလာပြီးနောက်….။
          ကျွန်တော် သည် ၀မ်းနည်းခြင်းတွေ အုံးဆိုင်းနေသည့် ကောက်းကင်တစ်ချပ်ဖြစ်နေပြန် သည်။
ရွာချလိုက် လို့ မဖြစ်ဘူး ။ကျွန်တော် ရွာချလိုက်တာ မိုးရေတွေ မဟုတ်ပဲ မျက်ရည်တွေ ဖြစ်နေရင် ပျော်ပျော်
နေတတ်တဲ့ ကမ္ဘာကြီး စိတ်ထိခိုက်သွားမှာ စိုးရိမ်သည် ။ မနက်ဖြန်များ ထူထပ်စွာ ပေါက်ရောက်နေသည့်
အလွမ်းတော အုပ် မှာ ပျင်းရိ ဖွယ်ရာပင် …။
          ဒုက္ခနှင့် တစ်ခါကြုံတိုင်း ၊ချစ်သူလက်ကို တစ်ခါ ကိုင်ရပါလို၏” တဲ့။ အိုမာခိုက်ရမ်း တစ်ယောက်
ဝိုင်မူးမူးဖြင့် ရေးခဲ့ဖူးသည်..။သွားလေရာ ဒုက္ခဖြင့် မျက်နှာချင်းဆိုင် နေရသည့် ကျွန်တော့် အဖို့ တော့
ချစ်သူ့ လက်နှင့် ပူးချည် ထားရလိမ့်မည် ထင်သည် ။ သို့သော် စနေ နေ့ပြီး နောက်တစ်ရက်ဟာ..
တနင်္ဂနွေ မဟုတ်ခဲ့ဘူး.။
          ညနေခင်းတစ်ခုခု (သို့) နေ့လည်ခင်း တစ်ခုခု၌ ချစ်သူညီမလေး သည် ကျွန်တော့် ကို စောင့်မျှော်
နေရှာ လိမ့် မည်။ သူမထံသို့ ကျွန်တော် ရောက်ရှိသွားလိမ့် မည် ဟု အသေအချာမပြောနိုင်ပေ ။ကျွန်တော်တို့
ဘ၀တွေ မှာ ချစ်သူကို ပေးထားတဲ့ ကတိစကားတွေ ပင် မသေချာ နိုင်ခဲ့။စနေ နေ့ ပြီး နောက်တစ်ရက်ဟာ
တနင်္ဂနွေ မဟုတ်ခဲ့ဘူး..။
          လက်ဖက်ရည်ဆိုင်ထဲ၌ စိတ်ကောက်နေသော “ယုန်ဖြူမလေး” တစ်ကောင်အားတွေ့ လျှင် ကျွန်ုပ် ထံသို့
အကြောင်းကြားပေးပါ မိတ်ဆွေ …။ “သော့ခတ် ထားတဲ့ အခန်း “ ဟု လိပ်မူ လျှင် ကျွန်တော့် ထံသို့ ရောက်
ရှိ နိုင်ပါ သည် ။ကျေးဇူး ဆပ်ပါ့မည်..။
          သို့မှသာ… မည်သည့် နေရာ၌ ကျွန်တော့် ချစ်သူ ရှိနေကြောင်း သိရှိပြီး “အဖြူရောင် ရည်းစားစာ”
တစ်စောင်အား သူမထံသို့ ပေးပို့ နိုင်မှာ ဖြစ်ပါ သည်..။
          ကျွန်တော် သည် အလွမ်းခူးသူ တစ်ဦးပင်………..။          
                                                                        မင်းထက်ညိမ်း