Thursday, May 10, 2012

fiction&MinHtetNgyein


                                                 “အပြာရောင်မှဲ့လေးတစ်လုံး“
                                                                          မင်းထက်ညိမ်း(idea မဂ္ဂဇင်း oct 2003)
         သူမတွင် အပြာရောင်မှဲ့လေးတစ်လုံးရှိသည်ဟု ကောင်လေးကပြောသည်။
ချိုမြိန်သော နှုတ်ခမ်းတစ်စုံ၏ဘေး၌ ထိုမှဲ့လေးတစ်လုံးပေါက်နေသည်ကို သူကိုယ်တိုင် သတိမမူခဲ့မိပေ။အပြာ
ရောင်မှဲ့လေးတစ်လုံးသည် ချစ်ခြင်း၏သင်္ကေတဖြစ်ခဲ့သည်။
         ညနေခင်းသည် စာအုပ်ဆိုင်သို့ အလျင်အဦးရောက်နှင့်နေသည်။သူမ  အနည်းငယ်နောက်ကျသွား
ကြောင်း သိလိုက်သည်။ကောင်လေးသည် စာအုပ်ဆိုင် ထဲမှ ထွက်သွားသည်။သူမ၏ ရွှေရောင်ဆံပင်များ
သည် ဆည်းဆာကို ပိုပြီးအရောင်တောက်စေ၏။သူမသည် တစ်စုံတစ်ရာအတွက် စိတ်ကို လွှတ်ချလိုက်ဟန်
တူသည်။သူမသည် ပန်းစိုက်အိုးလေး တစ်လုံးဖြစ်သည်။အသည်းပန်း အနီရဲရဲလေးများ ငိုနေသည်။ညနေခင်း
တစ်ခု ငိုနေသည်။သူမ မငိုပါ။သူမသည် ဧည့်ခန်းထဲ၌ နေရာကြနေပြီ။
        သူမသည် ပြတင်းပေါက်တစ်ပေါက်လည်း ဖြစ်ပြန်သည်။ညနေခင်းအား သူမကိုယ်တိုင်ဖွင့်ပြီးကြည့်နေ
သည်။
        ကောင်းလေးသည် မော်တော်ဆိုင်ကယ်ကို အားမလိုအားမရ စီးလာ၏။သူ့ချစ်သူထံ ဆိုက်ရောက်သွား
မည့် အချိန်ကို နောက်ကျသွားမှာ စိုးရိမ်နေသည်။ဆိုင်ကယ်က လမ်းမပေါ်မှာ ပြေးနေပြီး ကောင်လေးကသူမ
အား လမ်းထောင့်ချိုးလေးမှ ထိုင်စောင့်နေသည်။သူမနှင့် ကောင်လေးမှာ အလွန်ချစ်ကြသော ချစ်သူနှစ်ဦး
ဖြစ်သည်။
       ကြံရည်ဆိုင်ထဲ၌ ယင်ကောင်များ ထိုင်နေ သည်။ဖယောင်းတိုင်မီး ငြိမ်းသွားသည်။ သူမ သည်
ဖယောင်းတိုင် ထွန်း၍ စာအုပ်ဖတ်နေသည်။သူမသည် ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့သည်။သူမတွင် သူငယ်ချင်းများ စွာရှိသည်။
      လင်းထိန်နေသော ၆၀ ၀ပ်မီးလုံး၏ အပူကို ကိုင်ကြည့်မှသိနိုင်၏။မီးသီးဖြုတ်လိုက်သည့်အခါ အခန်းမှာ
မှောင်မဲသွားသည်။ညသည် ပို၍ ပီပြင်လာ၏။ကောင်လေးသည် ရင်ဘတ်ထဲက အလွမ်းအား ကျစ်ကျစ်ပါ-
-အောင် လိပ်လိုက်သည်။ သူ၏ ခုတင်အောက်၌ ထားသော စုဘူးထဲတွင် အလွမ်းကို သိမ်းထားလိုက်သည်။
      ကျွန်တော်ရောက်ရှိ သွားချိန်၌ ကောင်လေးအိပ်မောကျနေချေပြီ။ ကောင်လေး၏ အခန်းတံခါးကို
ခေါက်လိုက်သည်။အော်ကြီးဟစ်ကျယ်ဖြင့် ကောင်လေးအားနှိုးလိုက်သည့် အတွက် အခန်းနားနီးချင်းများက
ဆဲကြသည်။
        တခြားသူများ နိုးလာသော်လည်း ကောင်လေးမှာ မနိုးပေ။ထိုအခါ ကျွန်တော်တို့ အားလုံး ကော်ရစ်
၌စုရုံး ပြီး ကောင်လေး နာမည်အား သံပြိုင်အော်လိုက်ကြသည်။
        ကောင်လေးသည် အပြီးတိုင် အိပ်စက်သွားကြောင်း သူ၏ အခန်းတံခါးကို ဖျက်ပြီး အခန်းအတွင်းဝင်
လိုက်မှ သိရတော့သည်။
        ကောင်လေးသည် ည တစ်ည ကို တစ်သက်စာ အိတ်ကပ်ထဲ ထည့်ပြီး အပြီးတိုင် အိပ်စက်သွားခြင်း
ဖြစ်သည်။ထိုအချိန်မှ စ၍ ကောင်လေး နေထိုင်သော အခန်းမှာ “သော့ခတ်ထားတဲ့အခန်း” တစ်ခန်းဖြစ်ခဲ့
ရသည်။
         သူမ၏ မျက်နှာပေါ်၌ ရှက်ပြုံးတချို့ လင်းလက်နေသည်။သူမ၏ နှုတ်ခမ်းဘေးမှ အပြာရောင်မှဲ့ ကလေးသည် သူမနှင့်အတူ လိုက်လံ ရယ်မောနေသည်။
              သူမနှင့် ကောင်လေးသည် လက်ဖက်ရည်ဆိုင် ထဲ၌ ထိုင်နေသည်။သူမက ကောင်လေး၏ မျက်လုံးများအား အသေအချာ ဆိုက်ကြည့်လိုက်သည်။ ကောင်လေးသည် သူမ၏ အပြာရောင်မှဲ့ကလေး
အား စိတ်ဖြင့် ခိုးနမ်းလိုက် ၏။
               သူမနှင့် ကောင်လေးမှာ စကားတစ်ခွန်းမျှ မပြောပဲ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
               “နင်တို့ ချစ်သူနှစ်ယောက်က ဘာမှန်းလည်းမသိဘူး ဟု” တစ်စုံတစ်ယောက်ကပြောသည်။
                သူမသည် ချစ်စရာကောင်းသည့် အပြာရောင်မှဲ့လေးတစ်လုံးလည်းဖြစ်သည်။သူမ၏ အသား
အရေမှာ ကိတ်မုန့်တစ်ချပ်လို နုညံ့၏။သူမ၏ ရွှေရောင်ဆံစကလေးများမှာ လည်တိုင်ဖွေးဖွေးပေါ်၌ လှုပ်ခါ
နေကြသည်။သူမသည် ကောင်လေး၏ ရင်ဘတ်ထဲ၌ “၄၁ဒီဂရီ”တိမ်းစောင်းပြီး လည်ပတ်နေသည့် ဂြိုလ်-
-သစ် တစ်လုံးဖြစ်သည်။
               ကောင်လေးသည် သူထွက်ခွာသွား တော့မည့် အကြောင်းကို သူမအား ပြောမထွက်ခဲ့ပေ။
ကောင်လေး၏ ရင်တွင်း၌ မည်သို့သော အကြောင်းအချက်များ ဖွဲ့တည်ဖြစ်ပျက် နေကြောင်းကို မည်သူမျှ
သတိမမူမိကြပေ။
              ကောင်လေးသည် သူမနေထိုင်ရာမြို့ကလေးထံမှ ထွက်ခွာသွားတော့ မည့်အကြောင်း ကို သူမ
အား အသိမပေးခဲ့သည့်အတွက် သူမသည်လည်း တစ်မြို့တစ်နယ်စီခြားပြီး အခန်းကျဉ်းကလေးအတွင်း၌
အပြီးတိုင် အိပ်စက်သွားရှာသည့် ကောင်းလေး အကြောင်းကို နားစွင့်နေလျှက် မကြားနိုင်ဘဲ ဖြစ်နေခဲ့ရ
သည်။သို့မဟုတ် သူမ ကြားရသော သတင်းစကားများကို လက်ခံနိုင်လောက်အောင် အမှန်တရားကို 
မရုံကြည်နိုင်ဖြစ်နေ၏။
             ကောင်လေးသည် အခန်းကျဉ်းလေးတစ်ခု အတွင်း၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။
             သူမ၏ နှုတ်ခမ်းဘေး၌ အပြာရောင်မှဲ့လေးတစ်လုံး မရှိတော့ဘူးဟု တစ်စုံတစ်ယောက်ကပြော
သည်။
             ထို စကားကို သူမက လက်မခံပေ။သူမက နှုတ်ခမ်းဘေး၌ အပြာရောင်မှဲ့လေးတစ်လုံးရှိသည်
ဟု ဆိုသည်။
            ညနေခင်းတိုင်း သူမသည် စာအုပ်ဆိုင် သို့သွား၏။ ကောင်လေးရောက်လာနိုးဖြင့် လမ်းထောင့်ချိုး
လေး အား ကြည့်လိုက်မိသည်။
           စာအုပ်ဆိုင်လေးသို့ သူမ စရောက်စဉ်က သူမ၏ အသက်မှာ ၁၇ နှစ်ဖြစ်၏။ယခုမူ သူမ၏ ရွှေရောင်ဆံစကလေးများပင် ဖြူရော်စပြု နေချေပြီ။နေ့စဉ် သူမသည် ကောင်လေးရောက်လာ 
နိုးဖြင့် လမ်းထောင့်ချိုးလေးကို ကြည့်မြဲကြည့်လျှက်။         ။
                                                              မင်းထက်ညိမ်း
                                             (idea မဂ္ဂဇင်း၊oct 2003 တွင်ဖော်ပြပါရှိပြီးဖြစ်ပါသည်။)