Thursday, October 3, 2013

"ဧည့်စိမ်း"

                                                      "ဧည့်စိမ်း "
                                                                       မင်းထက်ညိမ်း
   မြို့ထဲကို လူစိမ်းတစ်ယောက် ရောက်နေတယ်လို့ ပြောကြတယ်။ အဲဒီစကားဟာ စကားအဖြစ် ပြီးဆုံး
မသွားဘူး။ လူတွေဟာ အဲဒီစကားလုံးတွေ ကို ပဲ အကြိမ်ကြိမ် ရေရွတ်နေကြတယ်။ မြို့အနှံ့မှာ လူစိမ်းကို
တွေ့မြင်လိုက်ကြတဲ့ သူတွေ ချည်း ပဲ။ မြို့ အရှေ့ဖျားက လူတွေက နံနက် အာရုံတက်ချိန်မှာ တွေ့လိုက်
ကြသတဲ့။ တချို့က လည်း မြို့လယ်နာရီစင်ကြီးနားမှာ လှမ်းမြင်လိုက်ရသတဲ့။ ဒါပေမယ့် တွေ့မြင်လိုက်ရ
တဲ့ သူတွေချင်း စကားဖလှယ်လိုက်တဲ့ အခါ လူစိမ်းဟာ တချိန်တည်းမှာပဲ နေရာအနှံ့ မှာ ရှိနေသလို ဖြစ်
နေတယ်။
   မြို့ခံလူထူရဲ့ အချင်းချင်းပြောစကားတွေဟာ အဲဒီ လူစိမ်းတစ်ယောက်ရဲ့ အဓိပ္ပာယ်ကိုဖွင့်ဆိုဖို့လေးနက်
နေကြတယ်။  အဲဒီလူဟာ ထူးခြား စိမ်းသစ်နေခဲ့တယ်။ ဘယ်နေရာမှာဘဲ တွေ့တွေ့ သူဟာ မြို့ခံ လူတစ်
ယောက်မဟုတ်ဘူးဆို တာ လူတိုင်းသိတယ်။ တချို့ကတော့ သူ့မှာ ဘာခံစားမှုမှ မရှိသလိုပဲတဲ့။လူသေ
ကြီးတစ်ယောက် လမ်းသလား နေသလိုပဲ...။ တချို့ကတော့ သူဟာ သာမန်မြို့ခံ လူတွေ နဲ့ ဘာမှ မခြား
ဘူး။ လူစိမ်းတစ်ယောက် အဖြစ်  သိစိတ်မှာ လာရောက် ထင်ဟပ်နေတာ စမ်းသတဲ့။ အဲဒါကြောင့်
သူ့ကို လူစိမ်း တစ်ယောက် အဖြစ် အမျိုးမျိုး ဝေဖန်နေကြတာပေါ့။
    အဲဒီလူစိမ်း အကြောင်းပဲ ပြောနေကြတော့တယ်။ ဘယ်သူဘယ်ဝါ ရယ်လို့ အဓိပ္ပာယ်ပြု သတ်မှတ်ခြင်း
တော့ မဟုတ်ဘူး။  လူတစ်ယောက်အဖြစ်ထက် ဘာမှ မပိုဘူးလို့ တော့ တစ်ဖက်သတ်ပြောလို့ မရဘူး
ဖြစ်နေတယ်။ လူတွေဟာ အရာအားလုံးကို သတိမမူမိချိန်မှာ လူစိမ်း    ဟာ သူတို့ ကို လှုပ်နှိုးလိုက်
သလိုပဲ။ ကျွန်တော် တော့ ရှေ့ ဆက် သွားဖို့ ပဲ စိတ်ကူးရှိတယ်။ ညနေခင်းတုန်းက လူစိမ်းကို လက်ဖက်-
ရည်ဆိုင်ထိုင်နေတာ တွေ့ ရသလို ပြောသူလည်း ရှိ ရဲ့။ အဲဒီအချိန်မှာ ရဲစခန်း အကြောင်းကြားပြီး
သူ့ကို ဖမ်းချုပ်လိုက်ပါ့လားတဲ့။ ဒါပေမယ့် သူဟာ ပစ်မှု တစ်စုံတစ်ရာ ကျူးလွန်လာသူ တစ်ယောက်
ဟုတ်မဟုတ် ကလည်း မသေချာပြန်ဘူး။ ပြီးတော့ အဲဒီလူစိမ်း လက်ဖက်ရည်ဆိုင်မှာရှိတယ်လို့ ပြောနေ
စဉ်မှာပဲ သူ့ကို လှမ်းကြည့် လိုက်တဲ့အခါ ဘယ်ပျောက်သွားမှန်း မသိပြန်ဘူး။ အစောကတော့ ဟော..ဟို
ထောင့် စားပွဲဝိုင်းမှာ လှမ်းမြင်လိုက်သေးသတဲ့။
   လူစိမ်းဟာ မြို့အနှံ့ လျှောက်သွားနေတာ အချိန် ဘယ်လောက်ထိ ကြာသွားပြီလဲ။ ဘယ်သူမှ အတိအကျ ရေတွက်နေတာတော့ မဟုတ်ဘူး။ မြို့အနှံ့ သူ့ ခြေရာတွေ ကို တွေ့ နေရတယ်။ တချို့က
ခြေရာတွေကို ထင်းရှားမှု အမှတ်အသားအဖြစ်သိမ်းဆည်းထားကြတယ်။ တချို့ ကလည်း အဆောင်-
-လက်ဖွဲ့ အဖြစ် သိမ်းဆည်းထားကြပြန်သတဲ့။ ဒါဟာ ထူးခြားတဲ့ လူစိမ်းတစ်ယောက်ရဲ့ သဲလွန်စပဲတဲ့။
အဲဒီလိုပြောနေကြတယ်..။
   လူစိမ်းတစ်ယောက် နဲ့ ပတ်သတ်လို့ ရိုက်ခတ်လာတဲ့ ထင်မြင်ချက် အမျိုးမျိုး ကို မြို့ခံ လူထုဟာ
စိတ်ဝင်စားလာကြတယ်။ အခုဆို မြို့အာဏာပိုင် အဖွဲ့အစည်းတွေက အစ လူစိမ်းတစ်ယောက်ရဲ့
အကြောင်းကို ခေါင်းထဲထည့် ထားကြပြီ။ မြို့တွင်းရှိ နေအိမ်အားလုံးကို ဖိတ်စာတွေလိုက်ဝေနေကြတယ်။
မြို့လုံးကျွတ် အစည်းအဝေးတစ်ခု ကျင်းပ နိုင်ရေး အတွက် လူစိမ်းရဲ့ အကြောင်းကို မြို့ခံလူထုရဲ့ ထင်မြင်
ချက် အသီးသီးမှ တဆင့် အဖြေ ဆွဲထုတ်နိုင်ဖို့ ပဲ လို့ပြောကြတယ်။ တစ်မြို့လုံးက လူတွေနဲ့ အစည်း
အဝေးကျင်းပမှာ ဖြစ်တဲ့ အတွက် မြို့တော် ခန်းမနဲ့ မဆံ့ဘူးဖြစ်နေတယ်။ ဒါကြောင့် မြို့ ရဲ့ အားကစား
ပွဲများကျင်းပရာ ဘောလုံးကွင်းကိုပဲ အစည်းအဝေးကျင်းပမည့် တည်နေရာအဖြစ် ရွေးချယ်လိုက်ကြတယ်။
    အဲဒီနေ့ က တစ်မြို့လုံး လူတွေဟာ အစည်းအဝေးကျင်းပမည့် ဘောလုံးကွင်းထဲမှာ လှုပ်ရွနေကြ
တယ်။ အစည်းအဝေးရဲ့ သဘာပတိဖြစ်တဲ့ မြို့နယ်ဥက္ကဋ္ဌ က နယ်ခံ လူထုကို လေးနက် တည်ကြည်စွာ
ပြောဆို ဆွေးနွေးတယ်။
   " ခင်ဗျား တို့ပြောပြောနေတဲ့က လူစိမ်းတစ်ယောက်ရဲ့ အကြောင်းဟာ ချဲ့ ကားထားတဲ့ ကောလဟာ-
-လ တစ်ခုလား" မြို့ခံ လူထုက ကောလဟာလ မဟုတ်ကြောင်း တညီတညွတ်တည်း အဆို တင်သွင်း
တယ်။ လူစိမ်းကို တွေ့မြင်လိုက်ရ တဲ့ ရှူထောင့် ၊မြင်ကွင်း အသီးသီးက တစ်ယောက် တစ်လှည့် စီ
ပါဝင်ဆွေးနွေးကြတာပဲ။ နောက်ဆုံးတော့ သဘာပတိက အဲဒီ လူစိမ်းကို  လိုအပ်လျှင် သက်ဆိုင်ရာ  ဌာနများနဲ့ ချိတ်ဆက်၍ ဖမ်းဆီးစစ်ဆေးဖို့  ပြောဆိုပြီး အစည်းအဝေးကို ရပ်နားလိုက်တယ်။
    အဲဒီနေ့က စပြီး မြို့ရဲ့ လမ်းများပေါ်မှာ လူတွေဟာ လူစိမ်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ စောင့်ကြည့်
နေကြတော့တယ်။ မြို့ရဲ့ အလယ်ခေါင်ကို မြှားတစ်စင်းလို ထိုးခွဲသွားတဲ့ရထား သံလမ်းဂိတ်မှာ လည်း
လူတွေဟာ ရထားဖြတ်အသွားကို စောင့်ဆိုင်းရင် လူစိမ်းကို ရှာဖွေနေတော့တယ်။
   လက်ဖက်ရည်ဆိုင် များရဲ့ စားပွဲဝိုင်းတိုင်းမှာလဲ လူစိမ်း တစ်ယောက် အကြောင်းပြော စကားတွေဟာ
ဖောင်းပွ နေတော့တယ်။ တချိုက ကတော့ သတ်ပစ်လိုက်ပေါ့ဗျာလို့ စိတ်မရှည်စွာ ပြောသူလဲ ရှိရဲ့။
တခြားတစ်ယောက် က ဒီလို လွယ်လွယ်ပြောလို့တော့ ဘယ်ဖြစ်မလဲ လို့ ပြောပြန်တယ်။ လက်ဖက်ရည်ဆိုင် က ဖွင့်နေတဲ့ သီချင်းသံ ဟာ အဲဒီ လူစိမ်းအကြောာင်း ဖွဲ့ဆိုထား သလားမှတ်ရတယ်။
လူတွေ ကလည်း သတိမထားမိဘဲ အဲဒီ သီချင်း အပိုင်းအစ ကို လိုက်ဆို နေပုံပဲ။
   လမ်းဘေး ပလက်ဖောင်းပေါ်မှာ လည်း အဲဒီ လူစိမ်း အကြောင်း တစ်စွန်းတစ်စ ကြားရမှာပဲ ။ ဘူတာစင်္ကြပေါ်မှာလည်း သူ့အကြောင်း လူတွေက အမျိုးမျိုး အသံမြည်နေကြတယ်။ သတိ မမူဘဲ လမ်း
ဖြတ်ကူးရင်တော့ အဲဒီ လူစိမ်းကို ခလုတ်တိုက် မိမလား မပြောတတ်ဘူး။ လူတွေဟာ ဘာကြောင့်များ
လူစိမ်းတစ်ယောက် အပေါ် ဒီလောက် ထိ စိတ်ဝင်စားနေရ သလဲ လို့ မေးခွန်းထုတ်ရမလိုဖြစ်နေတယ်။
 အဲဒီမေးခွန်းကို တစ်မြို့ လုံး ၀ိုင်းပြီး ဖြေဆိုကြလျှင် တောင် တစ်ယေက်မျှ အောင်မှတ်ရမှာ မဟုတ်ဘူး။
လူစိမ်းရဲ့ အကြောင်းကို မြို့ခံလူတိုင်းဟာ ကိုယ်စီကိုယ်ငှ တစ်စွန်းတစ်သာ သိရှိနေကြလို့ပဲ။
      တချို့ ကတော့ အဲဒီလူစိမ်း သူတို့ မြို့ကို ရောက်လာတာ ပျော်စရာပဲ တဲ့။ သူတို့ အဖို့ စိတ်ဝင်
စားစရာ ရတာပေါ့ လို့ လည်း ပြောသေးတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ဘာမှ မဝေခွဲတတ်တော့
ဘူး။ မနေ့ ကလည်း သူ့ကို လမ်းထိပ် မှာ လှမ်းမြင်လိုက်သေးတယ်။ လူစိမ်းဟာ အ၀တ်အစားသေသေ
သပ်သပ် ၀တ်ထားတယ်။ သာမန်လူတစ်ယောက် အဖြစ် သူ့ကို တွေ့မြင်ရပေမယ့် သူ့မျက်နှာမှာ
ဘာခံစားမှုမှ မတွေ့ ရဘူး။ လူစိမ်းဟာ အသက်ဝိဥာဉ် ကင်းမဲ့ နေသလိုပဲလို့ တွေးလိုက်မိသေးတယ်။
     ကျွန်တော် လူစိမ်း နောက် ကို လိုက် သွားပြီး စကားပြောကြည့်ဖို့ ဒါမှ မဟုတ် သက် ဆိုင်ရာကို
အကြောင်းကြားဖို့ စိတ်ကူး သေးတယ်။ ဒါပေမယ့် ကျွန်တော့် စိတ်ကူးဟာ စိတ်ကူးအဖြစ် က တက်မလာဘူး။ ကျွန်တော် စဉ်းစားနေတုန်းမှာ လူစိမ်းဟာ ကျွန်တော့် ရှေ့ က ပျောက်ကွယ်သွားတယ်။
သူဟာ ကျွန်တော် နဲ့ အတော်ေ ၀းဝေးကို ရောက်သွားပြီလို့ သိနေတယ်။ ဒါပေမယ့် ကျွန်တော်
လှမ်းမြင်လိုက် ရတာ မဟုတ်ဘူး။ ကျွန်တော့် စိတ်မှာ သူဟာ ဝေးကွာလှမ်း သလို ခံစားလိုက်ရတာပဲ။
      လူစိမ်းမှာ ကျွန်တော်တို့ မြို့ခံ လူတွေ နဲ့ မတူညီမှု ကို တော့ သတိထားလိုက်မိတယ်။ အဲဒီထူးခြား
မှုဟာ ဘာလဲ လို့ ကို့ ကိုယ်ကို  မေးကြည့် တော့ အဖြေ ကထွက် မလာ ပြန်ဘူး။
      လူစိမ်း ဟာ ဘယ်လို နေထိုင် စားသောက်နေသလဲတော့ ဘယ်သူမှ အတိအကျ မသိဘူး။လူစိမ်းရဲ့
အကြောင်း က ဖျတ်ခနဲ ပေါ်လာလိုက် ပျောက်သွားလိုက် နဲ့ အဲဒိလိုဖြစ်နေတယ်။
      ကျွန်တော့် မိတ်ဆွေ တစ်ယောက် ကတော့ အဲဒိ လူစိမ်းရဲ့ ဖြစ်ရှိနေမှု ဟာ တကယ့် အစစ်အမှန်
မဟုတ်ဘူး။ လူတွေ ရဲ့ ထင်ရောင်ဝိုးတ၀ါး ဖြစ်မှု တစ်ခုပဲတဲ့။ လူစိမ်းဟာ စိတ်ကူးထဲက ပြယုဂ်ကို တစ်စွန်းတစ်စ ဆွဲထုတ်ကြည့်မိတဲ့ အခါ လှမ်းမြင်လိုက်ရတဲ့ အစွန်းအစပဲလို့ ပြောပြန်တယ်။
   မြို့ရဲ့လမ်းဘေး ၀ဲယာက ကြော်ငြာ ဆိုင်းဘုတ်တွေ ဟာ လည်း ထို လူစိမ်းအကြောင်းကို ဖွင့် ဆိုနေသလိုပဲ။ တကယ့် ကို နေတဓူဝ အချိန်ဇယားထဲမှာ ထိုလူစိမ်းအကြောင်းက နေရာယူထားသလို ဖြစ်
နေတယ်။ တချို့ ကတော့ ကံကြမ္မာဆိုးတစ်ခု ရဲ့ ရှေ့ပြေး နိမိတ်လို့ ဆိုပြန်တယ်။ ဒါတော့ မဖြစ်နိုင်ဘူး
လို့ ကျွန်တော် ထင်မိပြန်တယ်။
  ညဟာ တိတ်ဆိတ်နေ တယ်။ ကျွန်တော့်ဇနီး ခရီးသွားတဲ့ အတွက် တစ်အိမ်လုံးမှာ ကျွန်တော်
တစ်ယောက် တည်းဖြစ်နေတယ်။ ကုတင်ပေါ်မှာ လှဲပြီး စာအုပ် ဖတ်နေမိတယ်။ ပြန့်ကျဲ နေတဲ့ စိတ်ကို
ဝါကျစီးကြောင်းထဲမှာ လူးမျောနေမိတယ်။
   ကျွန်တော်ဟာ လမ်းသွယ်လေးထဲ ကွေ့ချိုး ၀င် သွားတယ်။ လမ်းဟာာ တဖြည်းဖြည်း အလင်းရောင်
နဲ လာတယ်။ ကျွန်တော် ရှေ့ ဆက်ပြီး လျှောက် သွားလိုက်တယ်။ တံခါးပေါက်ဝ တစ်ခု မှာ ကျွန်တော်
အချိန်အတန်ကြာ ရပ်တန့် စဉ်းစားနေမိတယ်။ ဘာကို တွေးသိ စဉ်းစားနေသလဲ တော့ ကျွန်တော် မသိ
ပြန်ဘူး။့ ကျွန်တော် တံခါးပေါက် ကို ဖြတ်သန်းလိုက် ချိန်မှာ ကွင်းပြင် တစ်ခု ထဲ ရောက်သွားတယ်။
ကျွန်တော့် စိတ်ဟာ လန်းဆန်း နေတယ်။ ကောင်းကင် က ကြယ် တွေ ကို လည်း တစ်ဝကြီး လှမ်းမြင်
လိုက် ရသေးတယ်။ ကျွန်တော် ပျော်ရွှင်နေ သလိုပဲ...ဗျာ။ ကျွန်တော် ဖြတ်လျှောက် နေတဲ့ ၀န်းကျင်
ဟာ တိတ်ဆိတ် နေတယ်။ ကျွန်တော် ရျူရှိုက် နေတဲ့ လေ ကလည်း သစ်နေတယ်။
   ရုတ်တရက် လူစိမ်းဟာ ကျွန်တော့် ရှေ့မှာ ဘွားကနဲ ပေါ် လာတယ်..။ကျွန်တော် အသံကုန် အော်လိုက်
မိတယ်...။ တကယ်က ကျွန်တော် အိပ်မက် မက်နေတာ...ပါ။ ကုတင် ပေါ်မှာ စာဖတ်ရင်း အိပ်ပျော် သွား
တာပါ...။ကျွန်တော့် ခန္ဓာကိုယ် တစ်ခု လုံး လည်း ချွှေးတွေ ရွှဲနစ်နေတော့တယ်...။
  ဒီလိုနဲ့ပဲ လူစိမ်း အကြောင်း တဖွ ဖွ ပြောဆို ငြင်းခုံ ရင်း အချိန်တွေ ကြာလာတော့တယ်..။ သက် ဆိုင်ရာ
က ဖမ်းဆီးသွားပြိလို့ လဲ မကြားမိပါဘူး။ ဒါပေမယ့် လူတွေရဲ့ စိတ်ကို လာရောက် နှောင့်ယှက်နေတဲ့ အပိုင်းအစ တစ်ခုပဲလို့ ယူဆ ရမလိုဖြစ်နေတယ်။ လူစိမ်း ဟာ လူတွေအပေါ် အန္တာရာယ်ပြု ဒုက္ခပေးတတ်တဲ့ အစွန်းအကွက် တစ်ခုများလား။ တစ်ခါ က အိပ်မက်ထဲမှာ လူစိမ်း နဲ့ မျက်နှာချင်းဆိုင်
တွေ့လိုက်ရတဲ့ အဖြစ်ကို တွေးမိတော့ ကြောက်ရွံ့သွားတယ်။ ဒါပေမယ့် အိပ်မက် တစ်ခု အဖြစ် ထက်တော့ မပို ခဲ့ ပါဘူး။
       အဲဒီ လူစိမ်း အကြောင်းကို မြို့ခံလူတွေ ဘယ်အချိန်ထိ စိတ်ဝင်စားနေကြ မလဲ ဆိုတာတော့ ကျွန်တော် လည်း မပြောတတ်တော့ဘူး။                               
      ဒီနေ့ နံနက်ခင်း ကျွန်တော် နဲ့ ကျွန်တော့် မိတ်ဆွေ လက် ဖက်ရည်ဆိုင်က ထ ပြန်လာတော့ ကျွန်တော်တို့ ပြောဖြစ်ကြတဲ့ စကားတွေထဲမှာ အဲဒီလူစိမ်း အကြောင်း တစ်စွန်းတစ်စ မျှ မပါတာ သတိထားမိလိုက်တယ်..။ ဒီလိုပဲ တခြား စားပွဲ ၀ိုင်းများနဲ့ တခြားမြို့ခံ လူတွေ လည်း အဲဒီ လူစိမ်း
တစ်ယောက် အကြောင်းကို ပြောဆိုဖို့ မေ့လျော့ နေခဲကြပြီလား....။...စသည်ဖြင့်...... ၊အဲဒီလို      
မေ့လျော့ခြင်းအပေါ် သတိထားမိ တာကိုက လူစိမ်းအကြောင်းကို ဖျောက်ဖျက် မရဘဲ မှတ်မိ နေခြင်းလား........................။                     ။
                                                                     မင်းထက်ညိမ်း
                                                                        2007..၀န်းကျင်း နေရက်များမှ..
    
                  

No comments:

Post a Comment