“စိတ်တ္တဇအိမ်ပြန်ချိန်”
မင်းထက်ညိမ်း( beauty မဂ္ဂဇင်း၊ april,
2004) ၀တ္ထုတိုမှ.....
ကျွန်တော်သည် ကျွန်တ်ာကိုယ်တိုင် မဖြည့်စွက်နိုင်ခဲ့သည့်
ကွက်လပ်များအား မနက်ဖြန် အတွက် သိမ်းဆည်းထားလိုက်သည်။မနက်ဖြန်သည်
အမှန်တကယ်တွေ့စုံဖို့ ချိန်းဆိုထားသည့်အနာဂတ်ငယ်
တစ်ခုဖြစ်သည်။မနက်ဖြန်သည်
ကျွန်တော်ဖြည်ပြသော အထုပ်အပိုးများအား စောင့်ကြည့်နေမည့်
မျက်လုံးများဖြစ်သည်။ကျွန်တော်တို့သည် မနက်ဖြန်များအား
ရေလောင်းပေါင်းသင်ဖို့ လူ့လောကထဲသို့
ရောက်ရှိလာခဲ့ရသည်ဟုထင်သည်။လယ်တစ်ကွက်ထဲ အတူတူ ထွန်ယက်ကြသူချင်း
မည်သည့်အတွက်ကြောင့် ကန်သင်းရိုးပေါ်က ရပ်ကြည့်သည့် အကြည့်တွေ
မတူညီနိုင်ခဲ့ရသနည်း။ကျွန်တော်သည် ၀မ်းနည်းခြင်းများ သီးပွင့်နေသည့်
စိတ်ကူးသစ်ပင် တစ်ပင်ဖြစ်သည်။
“ဒေါင်”
အသံကြား၍ လှည့်ကြည့်မိသည့်အခါ တစ်စုံတစ်ယောက်ကိုမျှ
မတွေ့ရပေ။ကျွန်တော် အသံကြားလိုက်မိသည်ကတော့ သေချာသည်။ကလေးတစ်ယောက်
အိပ်မက်ထဲက ပစ်ပေါက်လိုက်သော ကျောက်ခဲတစ်လုံးသည် ဓါတ်တိုင်တစ်တိုင်တိုင်ကို
ထိမှန်ခဲ့ဟန်တူသည်။ထိုအသံသည် ကျွန်တော်အိမ်ပြန်ချိန်ထဲသို့
ရုတ်တရက်ရောက်ရှိလာသော်လည်း ရုတ်တရက်ပင်ပြန်လည်ထွက်ခွာသွားသည်။
မင်းထက်ညိမ်း